Thursday, February 6, 2020

ဗမာ့ ပိုနိုဂရပ်ဖီ စာပေ (Pornography) - မြန်မာ့အပြာစာပေသမိုင်း

ဗမာ့ ပိုနိုဂရပ်ဖီ စာပေ (Pornography) - မြန်မာ့အပြာစာပေသမိုင်း

(ဗမာ့ အောစာများအုပ်များသမိုင်း)

(အချီး)

ဒီအကြောင်းက မကြာသေးမီရက်ပိုင်းတုန်းကမှကျနော့် ဖေ့စ်ဘုတ်အကောင့်မှာရေးပြီးသားအကြောင်းအရာတခုဖြစ်ပါတယ်၊သို့သော်အနည်းငယ်အသစ်ထပ်မံဖြည့်စွက်ပြီးတော့ ယခုတခါပေ့ဂ်ျကမိတ်ဆွေများဖတ်ရှူလို့ရအောင်ပြန်လည်တင်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်၊ဒါတင်ပြီးရင်လည်းနောက်ဆက်တွဲအနေနဲ့နောက်ရက်များမှာညစ်ညမ်းစာပေနဲ့ပတ်သတ်ပြီးတော့ ရေးသားပြီးသားဆောင်းပါးကိုပဲဖြည့်စွက်ချက်တွေနဲ့ အပ်ဒိတ်လုပ်ကာ ဒီပေ့ဂ်ျကနေပဲ တင်ပေးပါအုံးမယ်၊ မိတ်ဆွေများအားလုံးကိုရိုနာဝါတွင်းကာလဝယ် အိမ်တွင်းပုန်းပြီးအကျိုးရှိစွာအချိန်များကိုကုန်လွန်စွာဖြတ်သန်းနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့လိုက်ရပါသည်။

.............................................................................................

အခန်း (၁)

ဗမာပြည်မှာ အောစာအုပ်တွေ ဘယ်နှခုနှစ်လောက်ကစတင်ထွန်းကားပေါ်ပေါက်လာခဲ့ပါသလဲ ဆိုတဲ့ မေးခွန်းကအတော့်ကို အဖြေရခက်စေတဲ့ မေးခွန်းပါ၊ဘာလို့ဆို ကျနော်တို့နိုင်ငံကအလုံးစုံ အဘက်ဘက်မှာ နိမ့်ကျတဲ့အတိုင်း စာပေသုတေသန ဘက်မှာလည်း ဇေယျ၊ငွေဥဒေါင်း၊ဦးမြင့်ဆွေ၊တို့လို စာပေသုတေသီ တွေမရှိတော့တဲ့နောက်ပိုင်းမှာ လောက်လောက်လား စာပေသုတေသီတွေ မပေါ်ထွက်လာတော့ပါ။

ဒါကြောင့် စာပေသမိုင်းတခုကို နောက်ကြောင်းပြန်သမိုင်းကြောင်းကောက်ဖို့ဆိုရင် ဘဲဥ အစရှာမရသလိုမျိုး အတော့်ကို ခေါင်းခဲ စေပါတယ်၊ ဒီလိုမျိုးစာပေ သမိုင်းသုတေသန လုပ်တဲ့အလုပ်မျိုးဟာ ဖြစ်နိုင်မယ်ဆိုရင် ဝါသနာတူရာ အစုအဖွဲ့အလိုက်တယောက်ကိုတာဝန်တခုစီယူပြီးတော့လုပ်ကြတာပိုကောင်းပါတယ်၊ တယောက်ထဲလုပ်တဲ့အခါ ပညာရှင်မဟုတ်ရင်၊ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင့်နဲ့ ရှေ့မညီနောက်မညီ ဖြစ်နေတတ်ပါတယ်။

 အခု ကျနော်ပြောမယ့် ဗမာ့အောစာပေ သမိုင်းကြောင်းကလည်း ထိုနည်း၎င်းပါပဲ၊ပညာရှင်မဟုတ်တဲ့အတွက်ရှေ့နောက် မညီမညာတွေဖြစ်နေနိုင်ပါတယ်၊ ဒါကြောင့် မညီမညာတွေပါရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်၊ ဒီနေရာမှာ နောက်ထပ် တခု မေးခွန်းထုတ်စရာရှိတာကအပြာစာပေဆိုတာ ဘာလဲ? ဆိုတာပါပဲ၊လိင်စိတ်ကို နိုးကြားမူဖြစ်စေတဲ့ စာမှေန်သမျှ အပြာစာပေလို့ သတ်မှတ်မယ်ဆိုရင် ဗမာစာပေမှာ နိုဗယ်လို့သတ်မှတ်ထားတဲ့ ဝတ္တုအတော်များများကအပြာစာပေတွေကြီးပါပဲ။

ဥပမာ သိန်းဖေမြင့်ရဲ့အရှေ့ကနေဝန်းထဲက မမြမှီနဲ့တင်ထွန်းတို့ ရထားပေါ်မှာ လုံးတဲ့အခန်းမျိုး၊နတ်နွယ်ရဲ့ တံခွန်တိုင်မောင်နှမ မျိုးထဲကလိုအခန်းမျိုး၊သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီးထဲကလိုအခန်းမျိုး၊ ဒဂုန်တာရာ ရဲ့ မေဝတ္တုထဲက ကိုဘသိန်းနဲ့ မေ တို လုံးကြတဲ့အခန်းမျိူး၊ ကြည်အေး မောင်ကိုကိုနဲ့မြနန္ဒာထဲကလို အခန်းမျိုးတွေက လိင်စိတ်ကို ပေါ်တင်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တနည်းနည်းနဲ့ လှူံဆော်ပေးခဲ့တာချည်းပဲမဟုတ်လား၊ ဒီတော့ အပြာစာပေဆိုတာလိင်ဆက်ဆံခန်းများကို တစ်တစ်ခွခွ ရေးသားပြထားတဲ့ စာပေမျိုးကိုမှ အပြာစာပေအဖြစ်သတ်မှတ်ပါသလား ? စသဖြင့် အပြာစာပေ နဲ့ပတ်သတ်ပြီးတော့ ဆက်စပ်မေးခွန်းထုတ်စရာ စဉ်းစားစရာတွေအများကြီးရှိပါသေးတယ်။

တမြန်နှစ်က နှင်းဆီဖြူ အစ်ရှူးဝမ်း ထုတ်တုန်းကလည်း လွန်းဆက်နိုးမြတ်ရဲ့ ကျောင်းဘင်ခရာတီးဝိုင်းကို အပြာစာပေ ပါဆိုပြီး ဝိုင်းကလော်ခဲ့ကြသေးပါတယ်၊ ဒါက ဘာလဲ၊ တစ်တစ်ခွခွ ရေးထားလို့အပြာစာပေ၊ ညစ်ညမ်းကဗျာ ပါဆိုပြီး သတ်မှတ်တာလား ? မင်းနဲ့ငါ အတူတူအိပ်ချင်တယ်ဆိုတဲ့အရေးအသား၊ မင်းနဲ့ငါ အတူတူလိုးချင်တယ်ဆိုတဲ့ အရေးအသား၊ နှစ်ခုမှာ လားရာ ပန်းတိုင်ကတော့ တခုထဲပဲမဟုတ်လား၊ အိပ်ချင်တယ်လို့ပြောတဲ့ လူ့အဖွဲ့အစည်းနဲ့ လိုးချင်တယ်လို့ ပြောတဲ့လူ့အဖွဲ့အစည်း၊ ဒီနှစ်ခုရဲ့ခြားနားမူ ပမာဏအတိမ်အနက်ကိုပဲ ကျနော်တို့က တိုင်းတာရမှာမဟုတ်လား။

ဘာလို့ လူမူဆက်ဆံရေးကြားခံဘာသာစကားကို လိုက်ပြီးတော့ အချိန်ကုန်ခံရှင်းပြနေမှာလဲ၊လိုအပ်သလောက် သုံးစွဲပြီးဖြစ်တဲ့ မတ္တဖာ တခုစီရဲ့အကျယ်အဝန်းနဲ့အလျားအနံတွေကို နေရာတကာမှာလိုက်ပြီးသုံးနေ၊ရှင်းပြနေရအောင်ကျနော်တို့အားလုံးကစောက်ရူးမဟုတ်ဘူးလေ၊စောက်ရူး လူ့အဖွဲ့အစည်းက သက်သက် ရှိနေပြီးသားပဲ၊ထားတော့၊ဒီအကြောင်းကိုသက်သက်ရေးပါ့မယ်။

............................................................................

အခန်း ( ၂ )

ဗမာစာပေ လောကထဲကို အပြာစာပေတွေဘယ်တုန်းက စတင်ဝင်ရောက်ခဲ့သလဲဆိုတာကို လိုက်ရှာကြည့်မိတဲ့အခါ ဒုတိယကမ္ဘာစစ်မဖြစ်ပြီ တုန်းကထဲက ဆိုတာကိုသွားတွေ့ရပါတယ်၊ ဗမာစာပေလောကမှာ စာရေးဆရာအများအပြား ဆယ်စုနှစ်တခု ကာလထဲမှာ တပြုံတခေါင်းထဲပေါ်ထွက်လာတဲ့ အချိန်က နှစ်ခုပဲရှိတယ်၊တခုကတော့ ၁၉၃၀ ကျော်ကာလဖြစ်ပြီး၊ကျန်တခုကတော့ ၁၉၅၀ ကျော်ကာလပဲဖြစ်ပါတယ်၊ဗမာ့ ကာလပေါ် စာပေ သမိုင်းကြောင်းဟာ ၁၉၂၀ လောက်အထိ မတည်ငြိမ်သေးပါဘူး၊ ၁၉၂၀ နောက်ပိုင်းမှာရောက်မှသာ တစ တစ တည်ငြိမ်သွားပါတယ်၊ ဒီလိုနဲ့၁၉၃၀ ကျော်ရောက်တဲ့အခါမှာတော့ စာရေးဆရာတွေလည်း ဇေယျ၊ရန်အောင်၊ဉာဏ၊သိပ္ပံကျော်ထင်၊သိန်းဖေမြင့်၊မေမြို့မောင်၊မြို့မအုန်း၊သင်္ခါ၊မဟာဆွေဂျာနယ်ကျော်ဦးချစ်မောင်၊မြမျိုးလွင်စသဖြင့် အများကြီးပေါ်ပေါက်လာပါတယ်။

ဒီလိုမျိုးပေါ်ပေါက်လာတဲ့ စာရေးဆရာတွေထဲမှာမှ တချို့စာရေးဆရာများဟာ တဖက်ကနေ ဝတ္တုကောင်းများကိုရေးသလို၊ တဖက်ကနေလည်း အပြာဝတ္တုများကို ရေးလေ့ရှိပါတယ်၊ စီးပွားရေးအခြေအနေ အရ ရေးသားရတယ်လို့တော့ဆိုကြပါတယ်၊၁၉၃၀ ကျော်ကာလမှာစာပေအရွေ့တခုပေါ်ပေါက်လာပါတယ်၊ အဲ့ဒါကတော့ တမူးတန် ဝတ္တုခေတ်ပါ၊ အဲ့ဒီဝတ္တုခေတ်မှာ မဟာဆွေ၊ရန်အောင်၊သင်္ခါနဲ့ အချို့စာရေးဆရာများက အပြာဝတ္တုများကို နာမည်မခံပဲရေးကြတယ်လို့သိရဖူးပါတယ်၊(စာရေးဆရာကြီးများအားသိက္ခာကျစေရန်မရည်ရွယ်ပါ) ။

Pornography နဲ့ပတ်သတ်ပြီး ဗမာစာပေ လောကမှာ မတွင်ကျယ်သေးတဲ့ကာလ တခုမို့လို့ နာမည်ရစာရေးဆရာကြီးများဟာကလောင်အမည်ခွဲများ၊ ကလောင်အမည်မခံမူမျိုးများနဲ့ အပြာစာအုပ်များကိုရေးသားကြပါတယ်၊ ဒါ့အပြင် Pornographer ဆိုပြီးတော့လည်း တွင်ကျယ်မူမရှိသေးတော့ နာမည်ကြီးစာအုပ်တိုက်များကပဲ ပုံနှိပ်ထုတ်ဝေရေးလိပ်စာများကို ဖျောက်ကာရေးသားထုတ်ဝေကြပါတယ်။

............................................................................

အခန်း ( ၃ )

ကျနော်တွေ့ဖူးတဲ့ အစောဆုံး အပြာစာအုပ်ဟာဆိုရင် ၁၉၃၆ မှာလောက်ထုတ်ဝေတာပဲဖြစ်ပါတယ်၊၁၉၃၆ ဆိုတာ စာလုံးဖေါင့်များနဲ့ မျက်နှာဖုံးပန်းချီဒိဇိုင်းများကိုကြည့်ပြီးခန့်မှန်းပြောဆိုတာပါ၊ အပြာစာအုပ်များရဲ့ထုံစံအတိုင်း စာပြီးနှစ်၊ထုတ်ဝေနှစ်၊မာတိကာ ဘာညာ တခုမှမပါပါဘူး၊ ကိုယ့်ဖာသာကိုယ် စိတ်မှန်းနဲ့ဆုံးဖြတ်လိုက်တဲ့အဖြေတခုပါ။

အဲ့ဒီအပြာစာအုပ်မှာဆိုရင် ယောင်္ကျားမိန်းမ လိင်ဆက်ဆံခါနီး အစပျိုးခန်းရောက်တိုင်း နိုင်ငံခြားအမျိုးသမီး တဦးရဲ့ အဝတ်မပါ ကိုယ်ဗမာ ပုံတပုံကိုစာရွက်ကြားမှာညှပ်ထည့်ပေးထားပါတယ်၊ ညှပ်ပေးထားတယ်ဆိုတာစာအုပ်ထုတ်ဝေကထဲက ကပ်ကြေးနဲ့စိတ်ရှည်လက်ရှည် ညှပ်ပြီးတော့ စာဖတ်သူတွေရဲ့ ကာမစိတ်ကို နိုးကြားအောင်လုပ်ပေးထားတဲ့သဘောတူပါတယ်၊ အတော့်ကို ခေတ်မီ တဲ့ အကြံဉာဏ်ပါပဲ၊စာဖတ်သူဟာ ဖတ်ရင်းနဲ့ လိင်စိတ်ထကြွလာရင်ပုံကိုကြည့်ပြီးအာသာဖြေလို့ရတဲ့အဆင့်အထိ ကိုလုပ်ပေးထားတာဆိုတော့ဒီပုံကို စာအုပ်ကြားမှာညှပ်ပြီးရောင်းစားရမယ့်လို့ ယူဆထည့်သွင်းပြတဲ့သူဟာ ဆန်းသစ်တဲ့အတွေးအခေါ်တခုရှိတဲ့လူပါပဲ၊ ချီးကျူးစရာပါပဲ၊၁၉၃၆ခုနှစ်လောက်မှာဘယ်သူ့မှ မလုပ်နိုင်တဲ့အလုပ်တခုကို ပထမဆုံးစလုပ်တဲ့အတွက် ဒီပုဂ္ဂိုလ်ဟာစွန့်ဦးတီထွင်စိတ်ရှိလိုသူပဲဖြစ်ရပါမယ်။

စစ်ကြိုခေတ်ညစ်ညမ်းစာပေများလှိူင်လှိူင်ထွက်ပေါ်ရာကာလကတော့ တမူးတန်ဝတ္တုခေတ်ပဲဖြစ်ပါတယ်၊ စစ်ကြိုခေတ်ဗမာစာပေလောကမှာ အရွေ့နှစ်ခုရှိပါတယ်၊ ပထမတခုကတော့ တမတ်တန်ဝတ္တုခေတ်ပါပဲ၊တမတ်တန် ဝတ္တုခေတ်က ဗမာ့ပြာဇာတ်စာအုပ်ငယ်လေးများ နိဂုံးချုပ်သွားသည့်ကာလဖြစ်သော ၁၉၂၅လောက်ကစပြီး ၁၉၃၅ ခုနှစ်ဝန်းကျင်လောက်ထိပဲဖြစ်ပါတယ်။

တမူးတန်ဝတ္တုခေတ်ကတော့ ၁၉၃၅ လောက်ကနေ စစ်ဖြစ်စအချိန်လောက်အထိပါပဲ၊ တမတ်တန်ဝတ္တုခေတ်ကိုစတင်တဲ့စာအုပ်တိုက်ကတော့ ရွှေလိပ်ပြာစာအုပ်တိုက်ပဲဖြစ်ပါတယ်၊ တမူးတန်ဝတ္တုကိုစတင်တဲ့စာအုပ်တိုက်ကတော့ ရွှင်ပျော်ပျော်စာအုပ်တိုက်ပဲဖြစ်ပါတယ်၊တမူးတန်ဝတ္တုခေတ်စတင်လာတော့ တက်ထွန်း၊ရန်အောင်၊ရဲထွတ်၊မင်းဆွေ၊သခါၤ၊တို့ရဲ့စာအုပ်တွေအတော်များများထွက်နေပါပြီ။

စစ်ပြီးခေတ်နာမည်ကြီးစာရေးဆရာ တင့်တယ်တောင်ရွှင်ပျော်ပျော်ခေတ်မှာစာအုပ်ထွက်ခဲ့ဖူးပါတယ်၊ကျနော်တွေ့ဖူးတဲ့ အပြာစာအုပ်က တမူးတန်ဝတ္တုခေတ်လောက်မှာပေါ်လာတဲ့ဝတ္တုပါ၊ တမတ်တန်ခေတ်မှာ ပေါ်ထွက်လာတဲ့စာအုပ်မဟုတ်ပါ၊ တမတ်တန်ခေတ်ကို ဦးဆောင်ခဲ့တဲ့စာရေးဆရာကတော့ မန္တလေးကစာရေးဆရာကြီးမြမျိုးလွင်ပဲဖြစ်ပါတယ်၊ ဒီအကြောင်းများနဲ့ပတ်သတ်ပြီး ကျနော်ရေးခဲ့ပြီးဖြစ်သော ဗမာ့ အပျော်ဖတ်စာအုပ်လောက သမိုင်းကြောင်းမှာ အပြည့်အစုံဖတ်ရှူနိုင်ပါတယ်။

...............................................................................

အခန်း ( ၄ )

ဒုတိယအပြာစာပေခေတ်ကတော့ စစ်ပြီးခေတ် ၁၉၅၀ ကျော်ကာလပါပဲ၊ ဗမာစာပေသမိုင်းတလျှောက်မှာ အဲ့ဒီကာလလောက် အပြာစာပေ ပေါပေါများများထွက်ခဲ့တာ ကျနော်မမြင်ဖူးပါ၊ ကြုံဖူးတယ်လို့ပြောတာမဟုတ်ပါ၊ ပြောရအောင်လည်းကျနော်က၁၉၅၀ ကျော်ကာလမှာ ဘယ်ချောင်ရောက်နေမှန်းတောင်မသိပါ၊ဗမာစာပေသမိုင်းကို ကြည့်ပြီးပြန်လည်ခန့်မှန်းမြင်ယောင်မိတဲ့သဘောပါ၊အဲ့ဒီကာလမှာအစိုးရကလည်း သူ့ ဝဲတွေနဲ့သူကုတ်လို့တောင်မနိုင်ဖြစ်နေသေးတော့ စာပေထုတ်ဝေရေးဘက်ကိုပြန်လှည့်မကြည့်နိုင်ပါ၊ဒါကြောင့်မို့တူပါတယ်၊စစ်ပြီးခေတ်မှာအပြာစာအုပ်တွေတရားဝင်ကိုထွက်လာပါတယ်။

စစ်ကြိုခေတ်တုန်းကကလောင်အမည်မခံ၊ကလောင်အမည်မပါ၊ပုံနှိပ်မာတိကာမပါတာတွေမရှိတော့ပါဘူး၊ ကလောင်အမည်နဲ့ပုံနှိပ်မာတိကာတော့ ပါ လာပါတယ်၊ များသောအားဖြင့်တော့ ကလောင်အမည်ဝှက်တွေကြီးပါပဲ၊ မောင်ကကြီး၊ ရဲနိူင်၊မြို့မအုန်းကြည်၊နန်းငွေ့၊ဆိုတဲ့ ကလောင်အမည်ဝှက်တွေရဲ့ လက်ရာများကတော့ စစ်ပြီးခေတ် အပြာစာပေလောကမှာ နာမည်ကြီးပါပဲ၊ မောင်ကကြီးကတော့အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုရဲ့ကလောင်ခွဲလို့ တချို့တွေကဆိုပါတယ်။

ဒီးဒုတ်ဦးဘချိုရဲ့ ကလောင်အမည်ကွဲတွေထဲမှာ မောင်ကကြီးဆိုတဲ့ကလောင်အမည်ပါနေလို့ ဒီလိုမျိုးဆိုလေရော့သလားမပြောတတ်ပါ၊ ကျနော်ကတော့ ဒီးဒုတ်ဦးဘချိုလိုမထင်ပါ၊ ဒီးဒုတ်ဦးဘချို အကြောင်းကို သခါင်္ရေးတဲ့ အတ္တုပ္ပတ္တိထဲဖတ်ကြည့်တော့ ဆရာဟာ အလွန်အလုပ်များတဲ့ပုဂ္ဂိုလ်တဦးပါ၊ ဒါ့အပြင် စီးပွားရေးအခြေအနေအရလည်း အပြာစာအုပ်ရေးပြီးထမင်းစားရလောက်တဲ့အထိ မကြပ်တည်းခဲ့ပါ၊ဒါကြောင့်သာပဲဦးဘချို မဖြစ်နိုင်ဘူးလို့ကျနော်ကတော့ယုံကြည်ထားလျက်ပါ၊ရဲနိူင်နဲ့ မြို့မအုန်းကြည်ဆိုတာကလည်း ကလောင်အမည်ဝှက်ပါပဲ၊တရားဝင် လူသိရှင်ကြား ကလောင်နဲ့ မည်သူမျှ အပြာစာပေမရေးသားကြပါ။

များသောအားဖြင့် စစ်ပြီးခေတ် အပြာစာအုပ်များဟာမျက်နှာဖုံးများနဲ့ စာအုပ်နာမည်ကိုကြည့်လိုက်တာနဲ့ အပြာစာအုပ်လား၊ရိုးရိုးအချစ်ဝတ္တုလားဆိုတာ သိရလောက်အောင်ထူးခြားလှပါတယ်၊ အပြာစာအုပ်ရဲ့မျက်နှာဖုံးများက တခြားဝတ္တုမျက်နှာဖုံးများနဲ့မတူလှပါ၊ မျက်နှာဖုံးပုံများဟာ များသောအားဖြင့် မိန်းကလေးများ မလုံတလုံ ဟိုပေါ်သည်ပေါ် ပုံများသာဖြစ်ပါတယ်။

စာအုပ်နာမည်များကလည်းကြည့်လိုက်တာနဲ့ အတွင်းကိုလှန်ဖတ်ချင်စိတ်ဖြစ်တဲ့အထိ မရိုးမရွဖြစ်အောင်နာမည်များပေးထားပါတယ်၊ ဥပမာ၊ မိန်းကလေးများမဖတ်ရ၊ အချစ်ဥပဒေသ၊ ရာဂဗွက်အိုင်၊ကာမနွံ၊ စသဖြင့်တွေပဲဖြစ်ပါတယ်၊ စစ်ပြီးခေတ် အပြာစာပေစာအုပ်များကို ထုတ်ဝေတဲ့တိုက်များကတော့ ဇွဲစာပေရိပ်မြုံနဲ့ ၁၉၆၀ ကျော်လောက်မှာ တခေတ်ဆန်းလာတဲ့ ပြားခြောက်ဆယ်တန်စာအုပ်များကိုထုတ်ဝေတဲ့စာအုပ်တိုက်များပဲဖြစ်ပါတယ်၊ပြားခြောက်ဆယ်တန်ခေတ်မှာ အပြာစာပေများအပြင် စုန်းသရဲတစ္ဆေ၊ဒိုင်းညှောင့်ဝတ္တုများပါ အများအပြားပေါ်ထွက်လာပါသေးတယ်။

..........................................................................................

အခန်း ( ၅ )

၂၀ ရာစု ဗမာစာပေလောကရဲ့ နောက်ဆုံးသော အပြာစာပေ အရွေ့ကတော့ နေဝင်းရဲ့ တော်လှန်ရေးကောင်စီလက်ထက်ပဲဖြစ်တယ်၊ ၁၉၇၀ ခုနှစ်များနောက်ပိုင်းပါ၊ ၁၉၇၀ ပတ်ချာလည်ကာလဟာ ဗမာစာပေ လောကမှာ အတော့်ကိုစိတ်ဝင်စားစရာကောင်းတဲ့လောကပါ၊ ဘာလို့ဆို ၁၉၇၀ ဝန်းကျင်ကာလ ဟာ သိုင်းစာအုပ်၊ကာတွန်းရုပ်ပြ၊ကဗျာ၊ပန်းချီနဲ့ဘာသာပြန်စာအုပ်များ စတင်ထွန်းကာရာ စီးဆင်းရာ ကာလတခုပဲဖြစ်ပါတယ်.

ဗမာစာပေလောကထဲကို သိုင်းစာအုပ်များစတင်ရောက်လာတဲ့ အချိန်တခုဆီကိုသွားကြည့်လိုက်တော့ ၁၉၇၀ ဝန်းကျင်ဖြစ်နေပါတယ်၊ ဒီလိုပဲ ခေတ်ပေါ်ကဗျာ အရွေ့စတင်ရာ ကာလတခုကလည်း အဲ့ဒီကာလပါပဲ၊ ကာတွန်းရုပ်ပြများ စတင်ရာအချိန်ကလည်း ယင်းအချိန်ပါပဲ၊ ဗမာ့ခေတ်သစ်ပန်းချီအရွေ့ကလည်း ၁၉၇၀ ဝန်းကျင်မှာ ပေါ်ထွက်လာတာပါပဲ၊ ၎င်းအရွေ့များပေါ်ထွက်လာသလို အများအခေါ်ညစ်ညမ်းစာပေ၊ အရပ်အခေါ် အပြာစာပေ အရွေ့သည်လည်းပဲ ၁၉၇၀ ဝန်းကျင်မှာပဲစတင်ပါတယ်။

ကျနော်နာမည်များတော့ ထုတ်မပြောချင်တော့ပါ၊ ဘာလို့ဆို ယနေ့တိုင် အဲ့ဒီကာလမှာ အပြာစာပေတွေရေးသားထုတ်ဝေခဲ့သူများက သက်ရှိထင်ရှားရှိနေကြသေးလို့ပါ၊ တချို့ဆို လူအတော်များများက လက်အုပ်ချီ ကာ နေရတဲ့ နယ်ပယ်တခုဆီရောက်နေပါပြီ၊ ဒါကြောင့် နာမည်ဖွင့်ပြောလိုက်ရင် အဂါဝရဖြစ်သွားမှာစိုးလို့ပါ၊ ဒါကြောင့် ဒီအပိုင်းမှာတော့ ဒီလောက်ပဲ ပြောပါရစေတော့၊ ယခု ရေးခဲ့ပြီးဖြစ်တဲ့ဗမာ့ ပိုနိုဂရပ်ဖီ သမိုင်းကို နောက်ကျရင်တော့ စာတန်းသဘောမျိုးဖြစ်အောင် အချိန်ယူပြီး ပြုစုပါအုံးမယ်၊ အခုကတော့ပျင်းပျင်းရှိတာနဲ့ ခဗျားတို့လည်းအပျင်းပြေ ဖတ်လို့ရအောင် ရမ်းသမ်းမှန်းသမ်းရေးလိုက်ရတာပါပဲ၊ အားလုံး ကိုရိုနာဘေးမှ ကင်းဝေးကြပါစေခဗျား ။

ကွိုင်

၁ နာရီ သုံးဆယ်မိနစ်

အေဒီ ၂၀၂၀/ဧပြီဆယ့်ရှစ်

စနေနေ့၊

..................................................................................................................................................

နမူနာ စာအုပ်ဖုံးတချို ့